နှာခေါင်းသွေးလျှံတာ ခဏခဏ ဖြစ်နေပြီဆိုရင်
နှာခေါင်းသွေး လျှံတာကို လူတိုင်း ကြုံဖူးကြမှာပါ။
အသက်အရွယ် မရွေး ဖြစ်နိုင်ပေမယ့် အသက် (၂) နှစ် မှ (၁၀) နှစ် အတွင်း ကလေးငယ်တွေနဲ့ အသက် (၅၀) မှ (၈၀) အတွင်း လူကြီးတွေမှာ အဖြစ်များပါတယ်။
များသောအားဖြင့် ကလေးငယ်တွေမှာ အဖြစ်များပြီး အေးမြခြောက်သွေ့တဲ့ ရာသီဥတုမှာ နှာခေါင်းသွေး လျှံတာ အများဆုံး ဖြစ်တတ်ပါတယ်။
နှာခေါင်းသွေးလျှံစေတဲ့အကြောင်းအရင်းတွေကတော့
- နှာခေါင်းအတွင်းသားကို မကြာခဏ ကလော်မိတဲ့ အခြေအနေတွေ
- တစ်ခုခုနဲ့ ထိခိုက်မိတာ
- ပြင်ပ ပစ္စည်းတစ်ခုခု နှာခေါင်းအတွင်း ဝင်သွားတာ
- နှာခေါင်းထဲ ရောဂါပိုး ဝင်တာ
- ဓာတ်မတည့်တာ
- နေပူထဲမှာ အကြာကြီး နေမိတာတွေက နှာခေါင်းအတွင်းမှာ ရှိတဲ့ သွေးကြောလေးတွေကို ထိခိုက်စေပြီး ပေါက်ထွက်သွားတဲ့အခါမှာ နှာခေါင်းသွေးလျှံတာ တွေ့ရပါတယ်။
နှာခေါင်းသွေး လျှံတာက များသောအားဖြင့် ရာသီဥတု အခြေအနေတွေ၊ ပတ်ဝန်းကျင်ကြောင့် ဖြစ်ပေမယ့် မကြာခဏ နှာခေါင်းသွေး လျှံနေမယ်၊ တစ်ပတ်ကို (၃) ကြိမ်၊ (၄) ကြိမ်ထက် ပိုဖြစ်နေမယ် ဆိုရင်
- နား၊ နှာခေါင်း၊ လည်ချောင်းတွေမှာ အခြား ကျန်းမာရေး ပြဿနာတွေရှိနေတတ်တာ
- သွေးတိုးရောဂါ
- သွေးကင်ဆာ
- အသည်းရောဂါ
- သွေးမတိတ်ရောဂါ တွေရဲ့ လက္ခဏာ တစ်ခု အနေနဲ့လည်း ဖြစ်နိုင်တာကြောင့် မပေါ့ဆသင့်ပါဘူး။
မကြာခဏ နှာခေါင်းသွေး လျှံတာကို သက်သာစေဖို့
- နှာခေါင်းထဲကို လက်နဲ့ မကြာခဏ နှိုက်တာ၊
- အခြား ပစ္စည်းတွေ ထိုးထည့်တာတွေ မလုပ်သင့်ပါဘူး
- သွေးကျဲဆေးတွေ၊ အရောင်ကျဆေးတွေ လိုအပ်တာထက် ပိုမသုံးစွဲမိဖို့
- နှာခေါင်းခြောက်သွေ့မှု မဖြစ်စေဖို့ ရေနွေးငွေ့ ရှူပေးတာ စတာတွေ ပြုလုပ်ပေးလို့ရပါတယ်။
ဓာတ်မတည့်စေတဲ့ အရာတွေကို ရှောင်ကြဉ်နိုင်ဖို့ အထက်ပါ ကျန်းမာရေး ဗဟုသုတ အနေနဲ့ မျှဝေပေးလိုက်ရပါတယ်။ ခုဆောင်းပါးလေးကို ဖတ်ပြီး အများကြီး အသိပညာရသွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ယုဝါ (ဆေးဝါးကျွမ်းကျင်)